Monday, December 7, 2009

ခရီးသွား ကြသူများ

တနေ့ တနေ့ တရွေ့ရွေ့သွား
အချိန်ရထား......
သူ့အလုပ် သူလုပ် မှန်မှန်ခုတ်နေတယ်.....။

အကြံအဖန်ထုတ်သူတွေ အမှန်အကန်လုပ်သူတွေ...
အတင်းစကားဆိုသူတွေ အချင်းများလိုသူတွေ...
ဇာတ်ရှုပ်နေသူတွေ အမြတ်ထုတ်နေသူတွေ...
အချစ်ချင်း တူသူတွေ အပြစ်ကင်း ဖြူသူတွေ...
သဘောကောက် အမှားကိုးနဲ့ ကျောနောက်ဓါးထိုး...တရားဆိုးသူတွေ...။

နိမ့် မြင့် ဆူ ကြုံ ကျော ရင် ဖြူ မဲ
မခွဲခြားပဲ အားလုံးကို ဆောင်တင်
ခရီးနှင်ဆဲ......။

သူတို့....သက်ရှုကွဲလည်း
လူချင်းတူမူ လားရာတူစွာ ....
ကံ ဇာတ်ဆရာရဲ့ လက်ထဲ
ကြိုးဆွဲရာ တလှုပ်လှုပ်
အချို ကုတ် (Coat) ထားတဲ့ ဆေးခါး
အမှားများစွာနဲ့ အသားကျ ရှင်သန် နေထိုင် ကြရင်းက...
အချိန်တန်တော့ အိမ်ပြန်ရ ....
ခြောက်ပေ ကျယ်တဲ့ကျင်းအတွင်း ခုန်ဆင်းကြရတယ်...။

အချိန်ရထားကြီးကတော့...
သူ့လက်တံတွေ သူရွှေ့ရင်း
ခရီးပြင်းနှင်မြဲ ခုတ်မောင်းဆဲလေ...။

ဘဝ အမောတွေ ပြေကြပါစေ...။

Friday, December 4, 2009

တလသား ဘလော့ဂ်လေးရဲ့ ရင်ခုန်သံ

နိုဝင်ဘာ ၅ရက်နေ့က စခဲ့တဲ့ ကျမရဲ့ ဘလော့ဂ်လေး ခု ဒီဇင်ဘာ ၄ရက်နေ့မှာ တလ တိတိ ပြည့်ခဲ့ပါပြီ။

ဒီဘလော့ဂ်လေးကို အသက်သွင်းပေးခဲ့တဲ့ ကျမရဲ့ ချစ်သူငယ်ချင်းလေး သက်ဝေ ၊စနေ တနင်္ဂနွေ ကျမ ဟင်းချက်ဖို့ မီးဖိုချောင် ဝင်တဲ့အခါ "လာမရှုပ်နဲ့ သွား ကိုယ့်ဘာသာ စာသွားရေးနေ" လို့ နှင်ထုတ်တတ်တဲ့ ချစ်သူငယ်ချင်း ခိုင်၊ ကျမ စာရေးနေတဲ့အခါ၊ ဘလော့ဂ်လည်နေတဲ့ အခါတွေမှာ သူ့ အဝတ်သူ မီးပူထိုးဝတ်ရှာတဲ့ ကျမရဲ့ ချစ်ခင်ပွန်း၊ အဓိက ကျလွန်းတဲ့ ကျမရဲ့ ဘလော့ဂ်ဖတ် ပရိသတ်တွေ၊ ဘလော့ဂ်ဂါမောင်နှမတွေ အားလုံးကို ကျမ ရင်ထဲကနေ နှစ်နှစ်ကာကာ ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။

Thank You Myspace Comments


ကော်မန့်တွေရေးသွား၊ စီဘုံးထဲပြောသွားခဲ့ကြတဲ့ စာဖတ်သူတွေနဲ့ ဘလော့ဂ်နီးချင်းတွေ အားလုံးကိုလဲ အရမ်း အရမ်းကို ကျေးဇူးတင်ရပါတယ်။ တခါတလေ စီနီယာဘလော့ဂ်ဂါ ကြီးများ ဖတ်, မန့် သွားတဲ့အခါများ ဆိုရင်တော့ ဒီဂရီရပြီးသားသူတွေ မူလတန်းစာလာဖတ် သလိုများ ဖြစ်နေပြီထင်ပါရဲ့လို့ အားတုံ့ အားနာ တွေးမိပါရဲ့...။

ဒါပေမဲ့ , အဲဒါတွေကိုက ကျမ အတွက် အင်အားတွေပါ။ ဖတ်ရင်းနဲ့ ပျော်ရပါတယ်။ အဲဒါအပြင် မိုးမခ မီဒီယာက ကျမရဲ့ ပထမဦးဆုံးတင်ခဲ့တဲ့ပို့စ်လေးကို ကုတ်ထားတော့ ပိုပြီးပျော်ရတာပေါ့ ။ အပျော်ပေါ် အပျော်ဆင့်လို့ အပျော် နှစ်ထပ်ကွမ်းခဲ့ရပါတယ် ။

ဘာနဲ့ တူသလဲ ဆိုတော့ကာ ကျမ တိတ်တိတ်လေး ချစ်ကျွမ်းဝင်နေခဲ့ရတဲ့ အမျိုးကောင်းသား ကလေးက ချစ်စကားဆိုပြီး တချိန်ထဲမှာပဲ လက်ထပ်ခွင့်တောင်းသလိုပါ။ ခဏခဏ အကုတ်ခံနေရတဲ့ ဘလော့ဂ်ဂါ ကြီးတွေအတွက်တော့ အဲလောက် ပျော်ပါ့မလား မသိပါဘူး။

ဒီတလ အတွင်းရေးပြီးခဲ့သမျှတွေ ပြန်ကြည့်တဲ့အခါ အပျော်စာ နဲ့ သရော်စာတွေ ရေးဖြစ် ခဲ့တာ များပါတယ်။ ကျမ ကိုယ်တိုင်က ပျော်တတ်တာပါ။ ပြီးတော့ ကျမက အတွေးနုနု အရေးလဲနု ပါသေးတယ်။ ဘလော့ဂ်တွေ တော်တော် များများ ဝင်ဖတ်ပြီးတဲ့အခါ ကိုယ့်စာ တွေကို ဘယ်နားသွားဖွက်ရမှန်းတောင် မသိအောင်ပါပဲ။ အရေး ရော အတွေးပါ ကောင်းလိုက်ကြတာ...။ တကယ်ကို အားကျမိပါရဲ့...။

ကျမ ရေးချင်နေခဲ့ပြီး မရေးဖြစ်သေးတဲ့ အကြောင်းတွေ ရှိပါသေးတယ်။ ဘာသာရေး နဲ့ အချစ်ဝတ္ထုတွေပါ။ ဘာသာရေးကိုတော့ အချိန်လေး နဲနဲယူပြီး ရေးရပါမယ်။

အဲ...အချစ်ဝတ္ထုလေးတွေ ရေးဖို့ဆိုရင်တော့ ကျမရဲ့ နှလုံးသားကို လွန်ခဲ့တဲ့ အနှစ်၂၀ လောက် ဘက်ဂီယာ ပြန်ထိုးပြီး ခံစားမှ ရမယ်ထင်ပါရဲ့။
ဒါဖြင့် ခု အချစ်မရှိဘူးလား အိမ်ကလူကြီးက ဘာလဲ ဆိုရင်ဖြင့် သူက အချစ်ထက် ပိုလွန်သော...လို့ ဆိုချင်ပါတယ်။

တချို့ကလဲ ချစ်ကြည်အေး ဆိုတာ ဘယ်လို အမကြီးပါလိမ့်လို့ သိချင်ပုံရပါတယ်။ ရယ်စရာတွေ၊ ပေါတိပေါချာတွေ ရေးနေလို့ တော်ကြာ မချစ်ကြည် တဆယ်ဖိုး ၃ ခု လို့ ထင်မှာလဲစိုးရသေး။

တနေ့ကတော့ ခင်မင်နေတဲ့ အကိုကြီးတယောက် သူဘလော့ဂ်တွေ ဖတ်လေ့ရှိတယ်ဆိုလို့ ဒီဘလော့ဂ်လေး ဖတ်ကြည့်လို့ ပေးလိုက်မိပါတယ်။ နောက်နှစ်ရက်လောက်ကျတော့ ဖုန်းထဲကနေ ညီမ ဘလော့ဂ်လေး မဆိုးဘူး၊ အားပေးတယ် ဆက်ရေးလို့ ဆိုလာပါတယ်။ ဟမ်...ကျမ ရဲ့ ဘလော့ဂ်လို့လဲ မပြောလိုက်မိပဲနဲ့။

ခက်ပြီ လူကလဲ အငြိမ်မနေ တတ်တာနဲ့တော့ ။ တော်ကြာ လမ်းထိပ်က လော်စပီကာကြီးလို ဖြစ်နေအုံးမယ်။

"သာဓုပါခင်ဗျာ..သာဓုပါ...ခုလို စေတနာသုံးတန် ပြဌာန်းပြီး လှူဒါန်းတဲ့အတွက် ကျနော်များ ဥပဿကာ အဖွဲ့မှ မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျ...ဗျာ..ဪ...ဟုတ်ကဲ့ ဟုတ်ကဲ့ခင်ဗျာ...အမည်မဖော်လိုသူ ဟိုတဖက်လမ်း ၁၃ လမ်းထိပ်က လူပျိုကြီး ကိုကြင်မြ က ငါးရာပါတဲ့ ခင်ဗျား"


ဘဝ အမောတွေ ပြေကြပါစေ...။



Image Source : www.mynicespace.com

Wednesday, December 2, 2009

ဖြေကြည့် ကြစေချင်တယ်....

ဒီနေ့တော့ ယမမင်းကြီး စီရင်ချက်ချမှတ်ဖို့ ငရဲသား ၃ ယောက် ရှိတယ်။

သူတို့မှာ အပြစ်ရယ်လို့ မယ်မယ်ရရ မရှိပဲ အမြင်ကတ်ပုဒ်မနဲ့ ဒယ်အိုးထဲ ထည့်ဖို့
လျာထားခံရတာ ဆိုတော့ ယမမင်းကြီးများ စိတ်ပြောင်းပြီး လွှတ်ပေးလိုက်လေမလား
ရယ်လို့ အသနားခံစာတင်ခြင်း ဖြစ်တယ်။ ယမမင်းကြီး အနေနဲ့ ကျတော့လဲ စွဲချက်တင်
ပြီးသားမို့ လွှတ်ပေးရိုး ထုံးစံ မရှိချင်တာကြောင့် အကြံအဖန်လုပ်ဖို့ စဉ်းစားပြီးသားပေါ့။

မေးခွန်းတခု မေးမယ်၊ စိတ်ကျေနပ်အောင် ဖြေနိုင်ခဲ့ရင်တော့ လူ့ပြည်ပြန် လွှတ်ပေးမယ်
မဟုတ်လို့ကတော့ ဒယ်အိုး ကြည့်ထား လို့ဆိုသတဲ့။

ယမမင်းကြီး လက်ထဲကိုင်ထားတဲ့ တင်းပုတ်လိုဟာကြီးနဲ့ စားပွဲကို တချက်ထုလိုက်တယ်
ဆိုရင်ပဲ ပရိသတ်တွေ အားလုံး ငြိမ်သက်သွားကြတယ်။

ကဲ ခု မေးခွန်း စမေးတော့မယ်ဆိုတော့ ငြိမ် သွားကြတာပေါ့။

ယမမင်းကြီး : မသိသူကျော်သွား ၊ သိသူဖော်စား ဆိုတာကြားဖူးပါစ၊ မောင်မင်းတို့သာ
ဆိုရင် ကျော်သွားမလား၊ ဖော်စားမှာလား တယောက်ချင်း ဖြေပါ။

ပထမငရဲသား : (အင်း ကျော်သွားမယ်ဆိုရင်ဖြင့် မသိလို့ ဖြစ်တော့မယ်...)
မှန်ပါ ကျနော်မျိုး သိသူမို့ ဖော်စား ပါ့မယ်။

ယမမင်းကြီး : တယ်...လုံ့လ ဝိရီယမှ မစိုက်ထုတ်ချင်ပါပဲ အချောင်မျက်စိနဲ့
လောဘကောင် မျိုးကိုး.......ကဲ ဒယ်အိုးထဲ....ထည့်....စေ...။

ပထမငရဲသားဖြင့် ယမမင်းကြီးရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံး နှစ်ယောက်ကြား ယက်ကန်ယက်ကန် ပါသွားလေရဲ့။

ဒုတိယငရဲသား : (အင်း ဒါဆိုရင်တော့ ဖော်စားလို့ မဖြစ်ချေဘူး..မဖြစ်ချေဘူး....)
ကျနော်မျိုးကတော့ မသိလို့ ကျော်သွားပါမယ်။

ယမမင်းကြီး : အို.......မသိမှု အဝိဇ္ဇာဖုံးလို့ မောဟများတဲ့ ဒီငမိုက်သား ဒယ်အိုးထဲ
ထည့်.....စေ...။

အရင်လူ အတိုင်းပဲ ယမမင်းကြီးရဲ့ ဘယ်လက်ရုံး ညာလက်ရုံး နှစ်ယောက်ကြား ယက်ကန်ယက်ကန် ပါသွားပြန်တယ်။

တတိယ ငရဲသား : (ပါးနပ်လည်ပတ်သူ ဖြစ်ရာ ရှေ့ အဖြေများနှင့် ခွဲထွက်အောင်ဖြေသည်)
မှန်ပါ...မသိလို့ ကျော်သွားပြီးကာမှ သိလို့ ပြန်လာဖော်စား ပါ့မယ်။

ယမမင်းကြီး : တယ်...မသိရအောင် မောဟဖုံးတဲ့ အပြင်၊ လိုချင်လောဘကလဲ ကြီးပြန်ပါပေတယ်...ကဲ ကဲ တဝက်လူ့ပြည်ပို့ ပြီးကျန်တဝက် ဒယ်အိုး ထဲထည့်စေ...။

ကိုင်း...လောကကြီးမှာ ယမမင်းကြီးလို အချိုလဲ ချက်မရ၊ အချဉ်လဲချက်မရတဲ့ လူ-လဒ
တွေ အများကြီးရှိလေရဲ့။

အဲဒီနောက်မှာတော့ "အလျောက်ကောင်းရင် အထောင်းသက်သာ" ဆိုတဲ့ စကားပုံရဲ့နောက်ဆက်တွဲ "အလျောက်ကောင်းတိုင်း အထောင်းမလွတ်" ဆိုတာ ပေါ်လာပါတော့တယ်။


ဘဝ အမောတွေ ပြေကြပါစေ....။

Saturday, November 28, 2009

ဘလော့ဂ် ကိုက်ခြင်း

ကျမရဲ့ အိပ်စက်ခြင်းများ
ဘလော့ဂ် ဆိုတဲ့ ကာလနဂါး
ဝါးမြိုလို့ စားခဲ့ပေါ့........။

မနက်လင်းတော့ ထ.....၊
ကျမ...
အမှတ်သညာ မရှိ
ဘလော့ဂ် ဝင်ပြန်၏...။

ဘဝ အမောတွေ ပြေကြပါစေ....။



ကျမ လိုပဲ တမ်းမက်ရူးသွပ်စွာ ၊ ဒါကိုပဲ နှစ်လိုစွဲလန်းစွာ ဘလော့ဂ် ကိုက်ခြင်းခံနေကြသော ဘလော့ဂ်ဂါ မောင်နှမများ အားလုံးအတွက် ရင်ခုန်သံ ကြိမ်နှုန်းခြင်းတူစွာ ချစ်ခင်ခြင်း များစွာဖြင့် ရေးဖွဲ့ပါသည်....။

Tuesday, November 24, 2009

ကျမနှင့် သူခိုးဖမ်းခြင်း

ဘာရယ်မှန်းတော့ အတိအကျ မပြောတတ်ပါ။ ကျမနဲ့ အနီးအနားမှာ တခုခု မဟုတ်
တာ လုပ်နေပြီ၊ ဖြစ်နေပြီဆိုရင် ကျမစိတ်ထဲ ကြွက်နံ့ ရတဲ့ကြောင်လို လှုပ်လှုပ်
ရှားရှား ခံစားလာရတတ်ပါတယ်။

ကျမ မလေးရှားမှာ ၁၉၉၅-၉၆ တုန်းက တနှစ်ကို အလုပ် ၁ခု နှုန်းနဲ့ အလုပ် ၂ခု
လုပ်ခဲ့ပါတယ်။ ကျမ ခု ရေးမဲ့ အဖြစ်အပျက်က ဒုတိယအလုပ်မှာ ဖြစ်ခဲ့တာပါ။

စင်္ကာပူမှာ PR, S pass, WP,EP တို့ ရှိပြီး သက်တမ်း ၁နှစ်၊ ၂နှစ် ပေးသလိုပဲ မလေး
ရှားမှာလဲ နိုင်ငံခြားသားတွေအတွက် O(အို) Pass ဆိုတာရှိပါတယ်။ အဲ..သက်တမ်း
ကတော့ ရဲမမိမချင်း ဆိုပါတော့။

ဟုတ်ကဲ့..ကျမ အဲဒီ အိုပတ်စ် နဲ့ ၂နှစ်တိတိ ခပ်တည်တည် နေခဲ့ပါတယ်။

**********************************
ကျမက နာမည်ကြီး Dim Sum နဲ့ Sea Foods ရောင်းတဲ့ စားသောက်ဆိုင်ကြီး
တဆိုင်ရဲ့ စာရင်းဌာနမှာ လုပ်ရပါတယ်။ စာရင်းဌာနဆိုလို့ တခုလုံးမှာ ကျမနဲ့
Ms. Lee ဆိုတဲ့ တရုပ်မ ပေါင်း၂ယောက်ပဲရှိပြီး သူကလဲ တပတ် ၃ရက်ပဲ လာတာပါ။

စားသောက်ဆိုင်က ခြံဝန်းကျယ်ကြီးရဲ့ တဖက်ခြမ်းကပ် ဆောက်ထားတာဖြစ်ပြီး၊
အလုပ်သမားတွေနေဖို့ လေအေးစက်အပြည့်တပ် ကွန်တိန်နာတွေကို စားသောက်
ဆိုင်ရဲ့ နောက်ဖက်ထဲမှာ စီတန်းထားပုံက အယ်လ်ရှိပ်ပုံ(L Shape) ပါ။ ကျန်တဲ့မြေ
ပိုကတော့ Car Park ပေါ့။

စားသောက်ဆိုင်မှာ အလုပ်သမားတွေက မြန်မာ၊ တရုတ်၊ မလေး နဲ့ နီပေါ လူမျိုး
တွေပါ။ သူတို့နိုင်ငံသား ကလွဲလို့ ကျန်တဲ့ နိုင်ငံခြားသားတွေ အားလုံးက ကျမ
ပြောခဲ့တဲ့ အိုပတ်စ်နဲ့ နေကြရတာပါ။
ရဲတွေကဖြင့် ဆိုင်ထဲ ဝင်ချည် ထွက်ချည်ရယ်၊ သူဌေးက ရဲတွေနဲ့ ပေါင်းထားတာ
ဆိုတော့ ဆိုင်ထဲမှာ ဖြစ်သမျှတာဝန်ယူပြီး ဆိုင်ပြင်က ပြသာနာတော့ ကိုယ့်ဘာသာ
ဖြေရှင်းကြရပါတယ်။

တနေ့ သူဌေးက ကျမကို စကားခေါ်ပြောပါတယ်။ ကျမက ၅ရက်ခွဲပဲ လုပ်ရတာ
ဆိုတော့ ကျန်တဲ့ စနေ ညပိုင်းနဲ့ တနင်္ဂနွေနေ့တွေ စားသောက်ဆိုင်မှာ Cashier
လုပ်ပေးဖို့ပါ။ ကျမကတော့ အိုကေပေါ့၊ အဲဒီအတွက် ပိုက်ဆံလဲ ပိုရမှာကိုး။
ဒါနဲ့ ကျမလဲ စာရင်းကိုင် တဖြစ်လဲ ငွေကိုင်ဖြစ်ရပါတော့တယ်။

**********************************
တရက် တနင်္လာနေ့ ကျမ ရုံးပြန်ဆင်းတော့ စိတ်ထဲမှာ မနေ့က စားသောက်
ဆိုင်ရဲ့ ဘီလ်တွေ ပြန်စစ်ချင်နေမိတယ်။ ခါတိုင်းဆို နောက် ၂ရက်လောက်ကြာမှ
ဆိုင်မန်နေဂျာ စစ်ဆေး၊ အတည်ပြုဆိုင်းထိုးပြီးမှ ကျမဆီရောက်လာနေကျလေ။

ကျမစိတ်ထဲ စစ်ကိုစစ်ချင်နေခဲ့တော့ ဆိုင်ကိုဖုန်းဆက်၊ မန်နေဂျာ ဆိုင်းထိုးပေးဖို့
ပြောပြီး စားပွဲထိုးလေးတယောက်ကို လာပို့ပေးခိုင်းဖို့ပါ မှာလိုက်ပါတယ်။

နေ့လည်ကျတော့ ကျမဆီ အဲဒီဘီလ်တွေ တထပ်ကြီး ရောက်လာတော့တယ်။
အဲဒီမှာ မသင်္ကာစရာ ဘီလ်တစောင် ကျမ သွားတွေ့ပါတယ်။ အဲဒီဘီလ်က မနေ့က
မနက်ပိုင်းမှာ ကျမ ထုတ်ထားခဲ့တာပါ။ ကျမကောင်းကောင်းကြီး မှတ်မိနေတယ်
အဲဒီဝိုင်းက လူနဲနဲလေးနဲ့ ပွဲတွေ အများကြီးမှာစားတဲ့ ဝိုင်းဖြစ်နေလို့ပါ။ ကျမထုတ်
ပေးခဲ့တဲ့ ဘီလ်က ရင်းဂစ်$ ၃၀၀ ကျော်ပါ၊ ခုတော့ ၁၀၀ ကျော်ပဲဖြစ်နေတာ၊
တခုခုတော့ မှားနေတာ သေချာနေပါပြီ။

ဒါနဲ့ ကျမလဲ မီးဖိုချောင်က ဟင်းပွဲစာရင်းတွေပါ ထပ်ယူပြီး တခုချင်းစစ်လိုက်မှ...
သိလိုက်ရပါတော့တယ်။ ဒင်းကလေးက ၃၀၀ ကျော်တန်ဘီလ်ကိုပြင် ၊ ၁၀၀ ကျော်
လုပ်ပြီး ပိုတာကို အိတ်ထဲ ထည့်တာကိုး။
ကျမတို့ ဘီလ်ရဲ့ အနောက်မှာ မှာစားထားတဲ့ ဟင်းပွဲစာရွက်လေးတွဲလျှက်ပါတာ၊
သူက အသစ်ထပ်ရေးပြီး ပြန်တွဲ၊ ဘီလ်ကိုလဲ ပြန်ပြင်ထားတာဆိုတော့ သာမန်ကြည့်
မယ်ဆို လုံးဝကို မသိနိုင်တာပါ။

ကံဆိုးချင်တော့ သူက ကျမ ထုတ်ထားတဲ့၊ မှတ်မှတ်ယယလဲ ဖြစ်နေတဲ့ ဘီလ်ကိုမှ
ပြင်မိရှာတာ။ ဒါပေမဲ့ မီးဖိုထဲပို့တဲ့ ဟင်းပွဲကော်ပီကိုတော့ သူပြင်လို့ မရနိုင်ဘူးလေ...။

*********************************
တရက်မှာ ကျမတို့ဆိုင်ရဲ့ ချက်ကြီးက ဖုန်းဆက်လာပါတယ်။ ငါးမန်းတောင် အပါ
အဝင် တခြား Sea Foods တွေ မှာပေးဖို့ပါ။ ကျမ နဲနဲတော့ အံ့ဩသွားပါတယ်၊
ဘယ့်နှယ် ပြီးခဲ့တဲ့ တပတ်လောက်ကမှ မှာထားခဲ့တာ၊ ကုန်ပြီလားပေါ့။ ဒီလ ပွဲတွေ
လဲ သိတ်မရှိပဲနဲ့ ဆိုတော့ သူက နင် မယုံရင် စတိုခန်းထဲ သွားကြည့်လိုက်လို့ ပြန်ပြော
ပါတယ်။ ဒါနဲ့ ကျမလဲ စိတ်ထဲ အောင့်သက်သက်နဲ့ စတိုခန်းဖွင့်စစ်တော့မှ
ဟုတ်ပါတယ် တကယ့်ကို ကုန်လုနီးပါးပါ။

စတိုသော့ကိုင်တဲ့ သူက ကိုမောင် ဆိုတဲ့ မြန်မာ အကိုကြီးပါ။ အဲဒီ အကိုကြီးက
ကျနော်လဲ မပြောချင်ဘူးဗျာနဲ့ အစချီလို့ အိတ်သွန်ဖာမှောက် ပြောပြရှာပါတယ်။
ဒီလိုပါ။ ကျမတို့ သူဌေးက ဆိုင်ကို တလမှ ၁ခါ ၂ခါ လောက်ပဲ လာတာပါ။
သူ့ရဲ့ ညီ၂ ယောက်က အလှည့်ကျ လာပြီး လိုအပ်သည်များ မှာကြားစားသောက်ပြီး
ပြန်လေ့ရှိပါတယ်။
အငယ်ကောင်က သဘောကောင်းပြီး အားလုံးအပေါ် ခင်ခင်မင်မင် ရှိသလောက်
အကြီးကောင်က မာန်တက်နေတဲ့ ရုပ်နဲ့ အားလုံးကို ဆူပူမာန်မဲ နေကျပါ။ သူ့ကို
ကျမတို့က မျက်ပြူး လို့ ခေါ်ပါတယ်။ ကျမနဲ့လဲ မတည့်ပါဘူး။ အဲ ကြားဖြတ်ပြောရ
အုံးမယ် စကားစပ်မိလို့ပါ၊

ကျမနဲ့ မတည့်ဆို တခါ မြန်မာအလုပ်သမားလေးတယောက် ဖျားလို့ အမ်စီ ၂ရက်
ယူတာကို လခထဲက ဖြတ်ပါတယ်။ ၂ရက်စာဆိုတော့ အဖြတ်ခံရတဲ့ တယောက်လဲ
အီသွားပြီး ကျမ လာတိုင်ပါတယ်။ ကျမကလဲ မဟုတ်မခံ ဆိုတော့ ဗိုက်ကောင်းလို့
ဓါးတောင်းသူပါ။ အမြဲ လူမိုက်ဌား ခံရတာပါ။ ဒါလဲပဲ ဘယ်တော့မှ မမှတ်သူ၊ ကိုယ့်
ဟာကိုယ်တော့ ဇာမဏီမျိုး အသက်သာသေပစေ၊ အမွှေးတပင် အကျွှတ်မခံ ဆိုတဲ့
အစားထဲ ကလို့ မှတ်ထင်နေခဲ့သူပါ။

နောက်တခါကျတော့ အလုပ်သမားလေးတယောက် စားပွဲ ရှင်းရင်း စားသောက်သူ
ကျန်ခဲ့တဲ့မုန့်ပွဲ တပွဲ (လုံးဝ စားမသွားတဲ့ ပွဲအသစ်ကြီးပါ) ကို သိမ်းရင်း နှိုက်စားမိပါ
လိမ့်မယ် အဲဒါကို မျက်ပြူးက ခိုးစားပါတယ်ဆိုပြီး တပွဲစာမကတဲ့ လစာ ဖြတ်ခံရပါ
တယ်။
ထုံးစံ အတိုင်းပဲ ကျမဆီရောက်လာပြီး ကျမနဲ့ မျက်ပြူး ၊ မျက်ပြူးနဲ့ ကျမ ဖိုက်ကြ
လေသတည်းပေါ့။

အဲ...အဆုံးမတော့ တရားမျှတစွာ မှန်တဲ့ဘက်ကပဲ နိုင်တာပါ။ သူတို့ ၂ယောက်လုံး
ဖြတ်ခံရတဲ့ပိုက်ဆံ ပြန်ရကြပါတယ်။ ဒါနဲ့ ကျမလဲ ငပွကြီး ဖြစ်မှန်း သိသိကြီးနဲ့ ကို
ဖြစ်လာရတော့တာ။ ဒီတော့ ကျမ အပေါ် မျက်ပြူး ကြည့်မရတာ မဆန်းပါဘူး။
တဦးမေတ္တာ တဦးမှာ ဆိုသလိုပေါ့ရှင် ။

********************************
အဲ..စကားပြန်ဆက်ရရင် ခုနကပြောတဲ့ စတိုခန်းထဲက Sea Foods ပျောက်ဆုံးမှုကြီး
ဟာ မျက်ပြူးလက်ချက်ဆိုတာ စတိုမှူး ပြောပြလို့ သိရပြီ။ သူက ချက်ကြီး လက်မှတ်
မပါပဲ လာလာထုတ်ယူသွားပြီး ပြန်ရောင်းစားနေတာ။ တချို့ Sea Foods တွေက
ဈေးအရမ်းကြီးပါတယ် ငါးမန်းတောင်တို့ ပင်လယ်မျှော့တို့ လော့ဘ်စတာ-ကျောက်
ပုဇွန်ကြီးတွေလိုဟာမျိုးတွေပေါ့..။
တချို့ သားငါး ပုဇွန်တွေကတော့ သူ့အိမ် ဟင်းစားလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ။ ဒါနဲ့ ကျမ
သူဌေးဆီ ချက်ချင်း ဖုန်းဆက်ပြီး စတိုခန်းက ဈေးကြီးတဲ့ ပစ္စည်းတွေ မျက်ပြူး ခိုး
ရောင်းနေကြောင်း သတင်းပို့လိုက်ပါတယ်။ (အဲ... သတင်းပို့ ရုံ ကလေးပါ)

ချက်ချင်းဆိုသလိုပဲ သူဌေးရော၊ ညီ၂ယောက် စလုံးရော ကျမ ရုံးခန်း လာခေါက်ပြီး
သူတို့ ရုံးခန်း ခဏသုံးချင်လို့ ကျမကို ခဏလောက် အပြင် ထွက်ပေးဖို့ ပြောပါတယ်။
မျက်ပြူးကတော့ မျက်စိမျက်နှာ ပျက်လို့ပေါ့။
နာရီဝက်လောက်ကြာပါတယ် သူတို့ ညီအကို တွေ တယောက်တခွန်း အော်ဟစ်
ပြောဆိုကြပြီး မျက်ပြူး အခန်းထဲက အရင်ဆုံး ထွက်လာပြီး ကားကို ဝူးခနဲ ဆောင့်
ထွက်သွားပါတော့တယ်။

ကျမ အူမြူးလိုက်ပုံများ အဲဒီညက အိပ်မက်တွေတောင် ကာလာလေးနဲ့ မက်လို့...။

**********************************
ဇာတ်ပေါင်းရမယ် ဆိုရင်...ဘီလ်တွေပြင်ပြင်ပြီး ပိုက်ဆံခိုးနေတဲ့ ကောင်မလေးက
ရဲအဖမ်းခံရပြီးထောင်ကျသွားပါတယ်။ အမှန်တော့ သူဒီလိုလုပ်နေတာ တလကျော်
လောက်ရှိနေပြီလေ၊ ကျမလဲ ကိုယ့်ရှုးကိုယ်ပတ်ဆိုတာလို ဘီလ်တွေကို မီးဖိုချောင်က
ဟင်းပွဲစာရင်းတွေနဲ့ အကုန်ပြန်တိုက်စစ်ရတာ ဖတ်ဖတ်ကို မော လို့ပါ။

အဲ...မျက်ပြူးကတော့ ဝမ်နင်လေးပဲ အပေးခံရပြီး ကွင်းလုံးကျွတ်လွတ်သွားခဲ့ပါတယ်

ဒါပေါ့လေ........... သူတို့က.....အမျိုးအချင်းချင်း အရင်းကြီးတွေကိုး....။

************************************
အဲဒါ ကျမကိုယ်တွေ့ဖြစ်ရပ်မှန် ဘေ့စ်အွန်ထရူးစတိုရီ ပါ...။

ခုတလော အဲဒါလေး ပြန်တွေးမိလိုက်တိုင်း ငယ်စိတ်နဲ့ ဒုတ်ထိုးအိုးပေါက် ပြောခဲ့၊
လုပ်ခဲ့မိတာတွေအတွက် စိတ်ထဲ မကောင်းဖြစ်မိတယ်။

သူ့ကို လက်ထိပ်လေးနဲ့ ကျမတို့နေရတဲ့ ကွန်တိန်နာထဲက ခေါ်ထုတ်လာတော့
ကျမမှာ ငါလုပ်လိုက်တာ လွန်များ သွားပြီလားလို့ ဝမ်းနဲမိရတယ်။
ခုအရွယ်မှာဆိုရင် ကျမ အဲဒီလို လုပ်ပါအုံးမလား။ ပိုက်ဆံခိုးတဲ့ကောင်မလေးကို
နှစ်ယောက်ချင်းတွေ့ပြီး ..........,
"ညီမရေ အမသိတယ်နော် နောက်မလုပ်ပါနဲ့ကွယ် ဒီတခါတော့ ရှိပါစေ
နောက်တကြိမ် ဆိုရင်တော့ တိုင်ရလိမ့်မယ်" လို့များ ချော့ပြောမိမလားပဲ...။

ကြာတော့ ကြာခဲ့ပါပြီလေ...။

ခုထက်ထိ ကျမရင်ထဲ ကလိကလိ ဖြစ်စေတာက ကောင်မလေးလို တခါခိုးရင်
တရာ၊နှစ်ရာ ခိုးတဲ့ သူခိုး အသေးစားလေးကို လက်ထိလက်ရ ဖမ်းပေးနိုင်ခဲ့ပြီး
တခါခိုးရင် ထောင်ချီ ခိုးတဲ့ မျက်ပြူးလို သူခိုး အကြီးစားကျတော့ ကွင်းလုံးကျွတ်
လွတ်သွား ခဲ့ရတဲ့ အတွက်ပါ။

အင်းလေ...သူတို့တွေက အမျိုး အချင်းချင်း အရင်းကြီးတွေကို...နော့ ..။


ဘဝ အမောတွေ ပြေကြပါစေ...။

Sunday, November 22, 2009

ငပျင်း အကြောင်း

အပျင်းပြိုင်ပွဲ ဝင်ရင်...
ပထမရမှာ...သေချာနေပေမဲ့...
ပြိုင်ရမှာတောင် ပျင်းသတဲ့...။

သူက...
စားရမှာလဲ ပျင်း... ဝါးရမှာပျင်းတာမို့
ထမင်း အရည်ဖျော်သောက်...၊
သောက်ရမှာလဲ ပျင်း...မော့သောက်ရမှာစိုးလို့
ကတော့တလျှောက် အသာမျှောချ... ၊
သွားရမှာလဲပျင်း... ခြေထောက်မဖို့ ပျင်းသူမို့
လှိမ့်လို့သာ ချသတဲ့.....။

အဲသလို...
အရာရာ လုပ်ဖို့ပျင်း...
စားဖို့လဲပျင်း...သွားဖို့ပျင်း...
ရစ်ဖို့လဲပျင်း...ချစ်ဖို့ပျင်းတဲ့...
ငပျင်းအကြောင်း ပြောရတာ...
ပျင်းများတောင် ပျင်းပါရဲ့......။


ဘဝ အမောတွေပြေကြပါစေ...။



ပျင်းတတ်သူများအားလုံးကို ရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုရှိပါက မှန်ပြေးကြည့်လိုက်ပါ။ ပြေးကြည့်ရမှာ ပျင်းသည် ဆိုလျှင် မိတ်ဆွေ မိမိကိုယ်ကို အသင်းဝင်အဖြစ် ဂုဏ်ယူစွာ သတ်မှတ်ပါလေ....။

Friday, November 20, 2009

ပညတ်

တိမ်တွေညို
ပြိုလာ မိုးရွာသတဲ့...၊

စဲစဲ ဖွဲဖွဲ
သည်းသည်း စွေရွာ
ရံခါ ထစ်ချုန်း မိုးလုံးပုလဲ.....။

အဲဒီမိုးစက်
ခွက်နဲ့ပဲ ခံခံ
ကန်ထဲပဲ ကျစေ
မြစ်ရေထဲ စီးဆင်း
အငြင်းပွားစရာ မလို
ရေ....ဆိုပြီး ဆိုင်းဘုတ်တပ်...။

ကဲ...ဗလောင်းဗလဲ
တတ်ပဲ တတ်နိုင်
ခုတိုင် မိုးဖွဲ..... တဖန်လဲ ရေ
ရှာလေ အနှစ် မဲ့သည့်ဖြစ်......။


ဘဝ အမောတွေ ပြေကြပါစေ....။